သန်လျင် ဒီဇင်ဘာ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သည့် အခြေခံစားသောက်ကုန်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်လုပ်ငန်းရှင် အသင်းများတို့မှ ပူးပေါင်းစီစဉ်မှုဖြင့် သန့်ရှင်းလတ်ဆက်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံ စားသောက်ကုန်များအား ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်၊ ဖို့မြေ လမ်းမကြီး၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးရာသို့ သန်လျင်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပွားရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ သတ်မှတ်အကွာအဝေးအတိုင်း ပါးစပ်နှာခေါင်းစည်း Mask များတပ်ဆင်ပြီးမှ ဈေးဝယ်ယူ နိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အား ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင် လုပ်ငန်းရှင် အသင်းများက သန့်ရှင်းလတ်ဆက်သော ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါးများ၊ ကုန်ခြောက် မျိုးစုံနှင့် အသီးအနှံများအား ကုန်စည်ဒိုင် ဈေးနှုန်းများအတိုင်း ရောင်းချ ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်း အလှည့်ကျ ဆက်လက် ၍ လှည့်လည်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)