မကွေး ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၈၅)ဦးထပ်တိုး တွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီး အတွင်း အတည်ပြုလူနာပေါင်း (၁၈၂၁)ဦးထိရှိပြီ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေး ကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ပိုမိုတွေ့ရှိနေဆဲပါ၊ ဒီဇင်ဘာလ ၁၂ ရက် ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးဆောင်ရွက်ခဲ့မှုများအရ (၈၅)ဦး တွေ့ရှိခဲ့တာ ဖြစ်ပြီး၊ အောင်လံက(၁၆)ဦး၊ နတ်မောက်နဲ့ စလင်းက(၁၀)ဦးစီ၊ မကွေးနဲ့ တောင်တွင်းက(၇)ဦးစီ၊ မြို့သစ် (၆)ဦး၊ ပခုက္ကူနဲ့ ဂန့်ဂေါက (၅)ဦး စီ၊ ကံမနဲ့ ပွင့်ဖြူက(၄)ဦးစီ၊ မင်းဘူး၊ငဖဲ၊ ရေနံချောင်းနဲ့ ပေါက်က (၂)ဦးစီနဲ့ ဆင်ပေါင်ဝဲ၊ ချောက်နဲ့ မြိုင်က(၁)ဦးစီတို့ဖြစ်ပါတယ်၊ ပိုးတွေ့ လူနာ တွေက ပိုးတွေ့လူနာနှင့် ထိတွေ့မှု ရှိသူတွေ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ယာဉ်မောင်း/ယာဉ်နောက် လိုက်တွေနဲ့ ခရီးသွား ရာဇဝင်ရှိ (Quarantine Centre)တွေကဖြစ်ပါတယ်။ ဒီကနေ့ ညပိုင်းအချိန်အထိ တိုင်းဒေသ ကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာ စုစုပေါင်း (၁၈၂၁)ဦးရှိပြီ ဖြစ်ပါတယ်ဟု တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၁၈၂၁) ဦးထိရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံ အသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ(၃၉၉)ဦးရှိကာ၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၁၄၁၈)ဦးနှင့် သေဆုံးသူ(၄)ဦး ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
တိုင်းဒေသကြီးအတွင်း၌ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P Contact) များထဲမှ ပိုးတွေ့ လူနာများ ထပ်တိုးတွေ့ရှိလာတာ ကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြုဆင်ခြင် ပြုမှု နေထိုင်ကြဖို့၊ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းမှုများ လုပ်ဆောင်လျက်ရှိသည်။
သန်းနိုင်ဦး(ငဖဲ)