Mobile Market စျေးရောင်းယာဉ်များဖြင့် မီးဖိုချောင်သုံး စားသောက်ကုန်များအား ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေး

ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား သင့်တင့်​သော စျေးနှုန်းဖြင့် ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များ အတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်း ကမ်းနားလမ်းမ သရက်​တော(၃)လမ်းထိပ်၊ ဗိုလ်သူရလမ်း (၂)နေရာခွဲ၍ လှည့်လည်ရောင်းချရာ မြို့နယ် စည်ပင်သာယာ​ရေး ကော်မတီနှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါစျေးရောင်းချမှုအား မြို့နယ်အတွင်းရှိ လွှတ်​တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ရင် တို့မှ ကြည့်ရှု့ အားပေး ပြီး ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များ အရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည် ရောင်းချပေးမှုသည် ကြည့်မြင်တိုင်မြို့နယ်တွင် ပဥ္စမအကြိမ် ရောင်းချ​ပေးခြင်းဖြစ်ပြီး  အလှည့်ကျ ဆက်လက်​ရောင်းချပေးသွားမည် ဖြစ် ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)