We Love Yangon (Mingalar Taung Nyunt) လူထုအခြေပြုပရဟိတအဖွဲ့မှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး

ရန်ကုန် ဒီဇင်ဘာ ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် လွတ်လပ်ရေးရပ်ကွက်တွင် သွေးလွန်တုပ်ကွေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို We Love Yangon ( Mingalar Taung Nyunt) လူထုအခြေပြုပရဟိတအဖွဲ့က ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က လာရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုနှင့် ပတ်သက်၍ We Love Yangon ( Mingalar Taung Nyunt) ပရဟိတအဖွဲ့ ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးမျိုးညွန့်အေးက လွတ်လပ်ရေးရပ်ကွက်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့သူ ရှိလာတဲ့အတွက် ဒီထက်ပိုမဖြစ်အောင် ခြင်ဆေးမှုတ်ပေးဖို့ လွတ်လပ်ရေး ရပ်ကွက် ပရဟိတ လူငယ်အသင်းက အကြောင်းကြား လာတဲ့အတွက် ကျွန်တော်တို့အဖွဲ့က လာရောက် ဆောင်ရွက် ပေးရတာပါ။ ကျွန်တော်တို့ အဖွဲ့ အနေနဲ့က ကိုဗစ်-၁၉ ကာကွယ်ရေးမှာလဲ မြို့နယ်ကို တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးနေသလိုပဲ ဒီသွေးလွန်တုပ်ကွေး ရောဂါ ကလည်း ပြည်သူတွေကို မကူးစက်ဖို့ အရေးကြီးတာဖြစ်လို့ ခုလိုဆောင်ရွက်ပေးတာပါ လို့ ပြောကြားခဲ့သည်။

လွတ်လပ်ရေးရပ်ကွက်အတွင်းရှိ ခြင်များပေါက်ဖွား၊ ခိုအောင်းနိုင်သော နေရာများအား We Love Yangon ( Mingalar Taung Nyunt)  ပရဟိတ အဖွဲ့မှဥက္ကဋ္ဌ ဦးရာဂူးနေမြင့်မှ ဦးဆောင်ကာ အဖွဲ့ဝင်များက ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်လှလှအေး နှင့်အဖွဲ့တို့က ခြင်အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ တို့ကိုလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)