ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်မှ ကင်းဝေး နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များအား လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ယမန်နေ့ည ၇ နာရီအချိန်မှစတင်ကာ မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန် ရှိသူများက မြို့နယ်အတွင်း လှည့်လည်ကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကြေညာရာတွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများထားရှိကြရန်၊ မီးဖိုအနီးတွင် မီးလောင်လွယ်သည့် ပစ္စည်းများနှင့် လောင်စာဆီများ မထားရန်၊ ချို့ယွင်း ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုရန်၊ အရေးပေါ်လှေကားများကို အသင့်အသုံးပြုနိုင်ရေး ပြင်ဆင်ထားရန်၊ မီးဘေးအန္တရာယ် ကြုံတွေ့ပါက မြို့နယ်မီးသတ်ဦးစီးဌာန ဖုန်းနံပါတ် (၀၁-၈၆၁၀၇၀၂) သို့မဟုတ် အရေးပေါ် တယ်လီဖုန်းအမှတ် (၁၉၁)သို့ ချက်ခြင်း ဆက်သွယ် ကြရန် စသည့်အချက်များအား မြို့နယ် မီးသတ်ဦးစီးမှူး ဦးဌေးလင်းဦး၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေ က ဦးဆောင် ၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းလှည့်လည် ကြေညာ ပေးခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ ကြေညာခြင်းကို တစ်ပတ်လျှင် (၂) ကြိမ် စနေ နေ့ နှင့် ဗုဒ္ဓဟူးနေ့ များတွင် လိုက်လံ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)