အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်သို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ မီးသတ် ယာဉ်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ည ၇ နာရီအချိန်က အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်း မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူများ မဖြစ်မနေ ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာရန်၊ လက်ကို ဆက်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာ နေကြရန် စသည်တို့ကို လှည့်လည် နှိုးဆော်ခဲ့ကြသည်။

အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်စေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ တစ်ရက်ခြားစီ ည(၇)နာရီအချိန်မှ ည(၁၁)နာရီအချိန် လှည့်လည်နှိုးဆော်ပေး လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ်ထားရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances (၁၃)စီးဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)