ပွင့်ဖြူ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ည ၉ နာရီက မြို့နယ်အတွင်း Facility Quarantine Centre များရှိ အသွားအလာ ကန့်သတ် စောင့်ကြည့်ရသူများတွင် (၄)ဦး ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၄)ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်နှင့် တောင်ဒဂုံမြို့နယ်ရှိ အထည်ချုပ် စက်ရုံတွင် အလုပ်လုပ်ကိုင်ပြီး ဒီဇင်ဘာ(၆)ရက်နှင့် (၇)ရက်နေ့တို့က မိမိအစီအစဉ်ဖြင့် ကားငှား၍ ပွင့်ဖြူမြို့နယ်သို့ ပြန်လည် ရောက်ရှိ လာပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ထားရှိသော မြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်း Facility Quarantine Centre တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ သံဃာတစ်ပါးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ ဒီဇင်ဘာ (၄)ရက်နေ့က ပြန်လာပြီး ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ Facility Quarantine Centre တွင် အသွားအလာကန့်သတ်နေထိုင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ Facility Quarantine Centre များမှ အသွားအလာကန့်သတ် စောင့်ကြည့်ရသူ (၂၁)ဦးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Swab နမူနာရယူ၍ ရန်ကုန်အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန (NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ ယမန်နေ့ ညပိုင်းက ဓာတ်ခွဲစစ်ဆေးချက် အဖြေများရရှိခဲ့ပြီး ၎င်းတို့(၄)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်သည့် အသွားအလာကန့်သတ် စောင့်ကြည့်ရသူ(၁၇)ဦးတွင် ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၄)ဦးမှာ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာမှ အသက်(၂၀)နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ ပွင့်ဖြူ မြို့နယ် ဗောဓိကုန်းကျေးရွာမှ အသက်(၅၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ပွင့်ဖြူမြို့နယ် ကုလားကုန်း ကျေးရွာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ပွင့်ဖြူမြို့နယ် ကန်ပြည့် ကျေးရွာမှ အသက်(၁၈)နှစ်အရွယ် သံဃာတော် တစ်ပါး တို့ဖြစ်ကြောင်း သိရပြီး ၎င်း ပိုးတွေ့လူနာများအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပွင့်ဖြူမြို့၊ သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတ အဖွဲ့က ယမန်နေ့ည ၉ နာရီခွဲက အသွားအလာ ကန့်သတ်ထားရှိသည့် Facility Quarantine Centre မှ ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေးကုသမှုများ ပြုလုပ်ဆောင်ရွက် ပေးထားကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေး ကော်မတီ ထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယနေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၄၁)ဦး ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၃၆)ဦးရှိပြီဖြစ်ကာ ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၅)ဦး ကျန်ရှိနေပြီး လက်ရှိ တွင် ကျန်းမာရေး ကောင်းမွန် လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးစိုးနိုင် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)