ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး တင်ဒါချပြရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

ပွင့်ဖြူ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် မြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါချပြ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်း က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကိုင်ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လမ်းတံတားလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေး ပြောကြားကာ တာဝန်ယူဆောင်ရွက်မည့် တင်ဒါအောင်မြင်သည့် တော်ဝင်းထွန်းကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်း တစ်ခုချင်းအလိုက် စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ချပြရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်း က ဒေသဖွံ့ဖြိုးရေး လမ်းတံတား လုပ်ငန်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်းတံတား လုပ်ငန်းများမှာ ခွင့်ပြု ရန်ပုံငွေကျပ် ၃၇ ဒသမ ၅၀ သန်းဖြင့် ပွင့်ဖြူမြို့နယ် ရွှေလှေ- ထနောင်းကုန်း -ဂတ်ကုန်း ကျေးရွာချင်းဆက် တောင်မုန်းမြောင်းမကြီး လက်တံ (၁၄)လမ်း အရှည်ပေ ၃ မိုင်၊ ၁ ဖာလုံ အား လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ ပွင့်ဖြူမြို့နယ် ကံဆွယ် ကျေးရွာ ဒေသခံပြည်သူများ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တည်ဆောက်ပေးခဲ့သော အရှည်ပေ ၆၀ ကျေးလက် ကုန်ထုတ်လမ်း သံကူ ကွန်ကရစ်တံတား ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၀ ဒသမ ၃၀ သန်းဖြင့် အရှည်ပေ ၂၀၀ မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် တော်ဝင်းထွန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)