ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ တညင်းကုန်း ဈေးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း (၁၅၀၀) ကျော်ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဖြန့်ဝေရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများက တညင်းကုန်းတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်နိုင်စေရန်အတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း(၁၅၀၀)ကျော်ကို အခမဲ့ဖြန့် ဝေပေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီလိုက်နာ ဆောင်ရွက်ကြရန် စသည့်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အင်းစိန်မြို့နယ် အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင် ကာကွယ်ရေးအတွက် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ် စောင့်ကြည့် စင်တာ (၆)ခု ဖွင့်လှစ် ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances (၁၃)စီးဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)