စေတုတ္တရာ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် တောင်မြေနီကျေးရွာတွင် စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်နှင့် တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုဦးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းနှင့် ပတ်သက်သော လုပ်ငန်းစဉ်များ၊ စီမံကိန်း ဆောင်ရွက်ရသည့် အကြောင်းအရင်းများ၊ စီမံကိန်းကျေးရွာ ရွေးချယ်ခံရမှု အကြောင်းများနှင့် စီမံကိန်း လုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျေးရွာ ကော်မတီဝင်များအား ကျေးရွာပြည်သူ လူထုများက အဆိုပြုမဲပေးသည့် စနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်မြေနီ စီမံကိန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၁၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် လျှပ်စစ်မီးလင်းရေး လုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စေတုတ္တရာ မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အတွက် စံသတ်မှတ်နှုန်းများဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရန်ပုံငွေ ကျပ်(၁၀) သန်းအပြင် လွှတ်တော် ရန်ပုံငွေနှင့် ကျေးရွာမှ ထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ဆောင်ရွက်လိုသော၊ အကျိုးခံစားရမည့် အိမ်ထောင်စုများသည့်၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ ချောမွေ့မှုနှင့် နယ်မြေလုံခြုံ တည်ငြိမ်အေးချမ်းမှုရှိသော၊ ကျေးရွာသူကျေးရွာသားများ၏ စိတ်အားထက်သန်မှု စည်းလုံးညီညွတ်မှုနှင့် တက်ကြွ ဆောင်ရွက် လိုမှုရှိသည့်၊ မည်သည့်စီမံကိန်းမှ မရှိသေးသည့်၊ ကျေးရွာများမှ Mini Grid, SHS နှင့် အိမ်သွယ်ရေတိုင် စနစ်လုပ်ငန်းများတွင် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်မှုရှိသည့် ကျေးရွာ(၇)ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)