ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၁၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်း ကျောင်း၌ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို နှစ်စဉ်မပျက် ကျင်းပပြုလုပ်လာလျက်ရှိပြီး ယခုနှစ် (၂၃)ကြိမ်မြောက်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေမှုနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် စည်းကမ်းများအရ မြတ်ဆရာပူဇော်ပွဲကို ယခင်နှစ်များအတိုင်း အခမ်းအနားပုံစံဖြင့် ကျင်းပပြုလုပ် သွားတော့မည် မဟုတ်ဘဲ ငွေလွှဲစနစ်နှင့် အိမ်တိုင်ရာရောက် ပေးပို့မှုများဖြင့် အစဉ်အလာ မပျက်စေရေး အပူဇော်ခံ ဆရာကြီး၊ ဆရာမ ကြီးများကို လှူဒါန်းပူဇော် ပေးသွားမည်ဖြစ်ကြောင်း အ.ထ.က (ထန်းတပင်) မြတ်ဆရာပူဇော်ပွဲ ကျင်းပရေး ကော်မတီမှ သိရသည်။
လှူဒါန်း ပူဇော်ရာတွင်လည်း ရပ်ဝေးမှ ဆရာကြီး၊ ဆရာမကြီးများကို ငွေလွှဲစနစ်(Wave Money)ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ဆရာကြီး၊ ဆရာမကြီးများကို အိမ်တိုင်ရာရောက် ပေးပို့လှူဒါန်းမှုများဖြင့် လည်းကောင်း ပေးပို့လှူဒါန်းပူဇော်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၂၁)ရက်နေ့မှ (၂၇)ရက်နေ့အတွင်း အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီး (၁၀၀)ဦးတို့ထံ ပေးပို့လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အ.ထ.က(ထန်းတပင်) အခြေခံပညာကျောင်း မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို အ.ထ.က (ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများက စုပေါင်းကာ နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်လာ လျက်ရှိသော်လည်း ယခုနှစ်မြတ်ဆရာပူဇော်ပွဲတွင် ယခင်နှစ်များလို အလှူငွေကောက်ခံခြင်း မပြုတော့ဘဲ မြတ်ဆရာပူဇော်ပွဲ ငွေပဒေသာပင် ရန်ပုံငွေမှ လှူဒါန်းပူဇော် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)