ဘုတလင် ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် JICA ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျောက်ချောလမ်းခင်းခြင်းနှင့် ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်း လုပ်ငန်းများအား ယမန်နေ့ ညနေပိုင်းက လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော် နှင့် မြို့နယ် အရည်အသွေး စစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင် တို့က ခွင့်ပြုငွေ ၈၆၄ ဒဿမ ၄၈ သန်းဖြင့် လမ်းအရှည် ၉ မိုင်၊ ၃ ဖာလုံ၊ လမ်း အကျယ် ၁၆ ပေရှိ လက်ပံ-ဝန့်တုံ-မောင်းထောင်လမ်းအား ကျောက်ချောလမ်း ခင်းနေမှုနှင့် ဘုတလင်-မောင်းထောင်လမ်းပေါ်တွင် ၇၂ ပေ အရှည်ရှိ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်း လုပ်ငန်းတို့အား ကွင်းဆင်းစစ်ဆေးရာ မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သဇင်အောင်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြသည်။
အဆိုပါ လက်ပံ-ဝန့်တုံ-မောင်းထောင်လမ်း ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းကို သီဟမင်းဆွေ၊ စိုးမြင့်မိုရ်၊ စိုးမိုးသူကုမ္ပဏီများနှင့် ဘုတလင် -မောင်းထောင်လမ်းပေါ်ရှိ ကွန်ကရစ် ရေကျော် တည်ဆောက်ခြင်း လုပ်ငန်းကို Best Synergy ကုမ္ပဏီတို့က တာဝန်ယူ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)