မုံရွာ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံ (၁၁၉၄၆၃၇)ဧက စိုက်ပျိုးပြီးစီး သွားပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆီထွက် သီးနှံများကို ဆောင်းသီးနှံ စိုက်ပျိုးချိန် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ခြင်းပြီး ပြီးစီးမှုအနေဖြင့် မြေပဲ (၄၀၉၀၅၇)ဧက၊ နှမ်း (၅၃၃၈၄၉)ဧက၊ နေကြာ(၁၆၉၄၁၈)ဧက၊ ပန်းနှမ်း (၆၀၆၀၀)ဧကနှင့် မုံညှင်း (၂၁၇၁၃) ဧက အား နိုဝင်ဘာလကုန်အထိ စိုက်ပျိုးပြီးစီးပြီ ဖြစ်သည်။
“စစ်ကိုင်းတိုင်းဒေသကြီးက စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်တဲ့ တိုင်းဒေသကြီး ဖြစ်တာနဲ့အညီ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှု ကုန်ကြမ်းသီးနှံတွေကို အများဆုံး စိုက်ပျိုး ထုတ်လုပ်တယ်၊ အခုဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်မှာလည်း ဆီထွက်သီးနှံကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ဒေသခံတောင်သူတွေနဲ့ စိုက်ပျိုးရေး ဝန်ထမ်းတွေ ပူးပေင်းပြီး ကြိုးစားအားထုတ်နေပါတယ်၊ ဆီထွက် သီးနှံတွေကို (၁၁)လပိုင်းကုန်အထိ ဧက(၁၁) သိန်းကျော် စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်””ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
ဆီထွက်သီးနှံအစုံ စိုက်ပျိုးပြီးစီးမှူးအနေဖြင့် ကလေးခရိုင်အတွင်း (၆၁၃၃၈)ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း (၁၄၈၉၆၄) ဧကအား လည်းကောင်း၊ မုံရွာခရိုင်အတွင်း (၁၁၄၆၉၃)ဧကအား လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်း (၂၀၄၀၁၈)ဧကအား လည်းကောင်း၊ ရွှေဘိုခရိုင် အတွင်း (၂၅၈၃၆၃)ဧကအား လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း (၂၀၉၅၀၂)ဧ ကအား လည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း (၂၃၀၆၅) ဧကအား လည်းကောင်း၊ ကသာခရိုင် အတွင်း (၁၅၈၅၆၅)ဧကအား လည်းကောင်း၊ တမူးခရိုင်အတွင်း (၁၁၂၆၁)ဧကအား လည်းကောင်း၊ ခန္တီးခရိုင်အတွင်း (၃၇၆၀)ဧကအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်း (၁၁၀၈)ဧကအား လည်းကောင်း စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)