တောကျောင်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် မိသားစုဝင်ငွေများရရှိနေမှုကို ကွင်းဆင်းစစ်ဆေး

ရွှေဘို ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် တောကျောင်းကျေးရွာတွင် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းဖြင့် ဆောင်ရွက်နေမှုများကို  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်နှင့် လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင် သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိရန် ရည်ရွယ်၍ ဆောင်ရွက် ပေးထားခြင်းဖြစ်သည်။

ထို့သို့ ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများကကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ စာရင်းဇယား ဖြည့်သွင်းထားမှုပုံစံများ၊ စီမံကိန်း ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တောကျောင်းကျေးရွာတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)ကို ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင်  ရန်ပုံငွေကျပ်သိန်း(၂၀၀)ဖြင့် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ (၇၅)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ()ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ()ဦး စုစုပေါင်း (၈၃)ဦး ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့် ထံမှ သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)