ဆိပ်ဖြူမြို့နယ် အောက်ဆိပ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းပြုလုပ်

ဆိပ်ဖြူ ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောက်ဆိပ်ကျေးရွာ အထက်တန်းကျောင်း မြတမာတွင် ပြုလုပ်သည်။

အဆိုပါ စကားဝိုင်းကို ကျေးလက်နေပြည်သူအများ အသိပညာဗဟုသုတများ တိုးပွားပြီး ဒေသခံပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဖွံ့ဖြိုးစေရန်နှင့် ဒေသဖွံ့ဖြိုးရေး အတွက် သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ပေးနေမှုအပေါ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင် က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အမှာစကား ပြောကြားပေးပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်းကို ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပေးသည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့ စကားဝိုင်းကို ပြုလုပ်ရာ ဦးဆောင် ဆွေးနွေးသူများအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်စိုး၊ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းဌာနမှ ဦးစီးမှူး ဦးစန်းဦးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်လင်း၊ မြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဆုအောင်တို့ ဆောင်ရွက်ခဲ့ပြီး စေ့စပ်ညှိနှိုင်း ဆွေးနွေးသူ အဖြစ် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဦးမျိုးမြင့်အောင်တို့က ဆောင်ရွက်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းတွင် ဦးဆောင် ဆွေးနွေးသူများက ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့၏ဌာန လုပ်ငန်းများအလိုက် ကျေးလက်နေ ပြည်သူအများအတွက် အသိပညာဗဟုသုတများ တိုးပွားပြီး ဒေသခံပြည်သူအများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနေမှု စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းမြင့်မားရေး၊ သီးနှံဈေးကွက်ရရှိရေး အော်ဂဲနစ်သီးနှံ အစားအစာများကို စနစ်တကျ စိုက်ပျိုးနိုင်ရေး အစရှိသော လုပ်ငန်းများကို  ရှင်းလင်း ပြောကြားပေးခဲ့ကာ ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသည် မြင်ကဝကျေးရွာအုပ်စု အတွင်းမှ ဒေသခံ ပြည်သူအများက ကျောင်းနှင့်ကျေးလက် ကျန်းမာရေး အဆင့်မြှင့်တင်နိုင်ရေး၊ ဒေသအလုပ်အကိုင် ဖွံ့ဖြိုး တိုးတက်လာရေးနှင့် အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်စနစ်မှ တောင်သူများအတွက် စိုက်ပျိုးရေ ပြည့်ဝစွာ ဆောင်ရွက်ပေးနိုင်ရန် ရေခေါ်မြောင်းတူးခြင်း လုပ်ငန်းများကို တင်ပြဆွေးနွေး မေးမြန်းဆောင်ရွက်ခဲ့ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာန အကြီးအကဲ များက ဒေသခံပြည်သူတို့၏ မေးမြန်းချက် များကို ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)