ရွှေဘို ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ ဒီဇင်ဘာ(၁၃)ရက်က အသက်(၁)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၆) ဦးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေး ကပြောပါတယ်။
အဲဒီအတည်ပြုလူနာသစ်တွေကတာ့ ရွှေဘိုတက္ကသိုလ်အသွားအလာကန့်သတ်စခန်းမှာကန့်သတ်ထားတဲ့ ရွှေဘို မြို့နယ် ရှားတောကျေးရွာက (၁) ယောက်၊ သရက်ခြံရပ်က(၂) ယောက်၊ ပြည်တော်သာရပ်က (၂) ယောက်နဲ့ ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာ အသွားအလာကန့်သတ်စခန်းက အသက်(၁) နှစ်အရွယ် မိန်းကလေး (၁) ယောက် ၊ စုစုပေါင်း(၆) ဦးမှာ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရွှေဘိုတက္ကသိုလ်မှာ အသွားအလာကန့်သတ်ထားသူ ( ၉၀ ) ဦးနဲ့ ညောင်ပင်သာကျေးရွာက အသွားအလာကန့်သတ်စခန်းက (၂၆) ဦး စုစုပေါင်း(၁၁၆) ဦးကို RDT Test Kit နဲ့စစ်ဆေးရာကနေ အခု အတည်ပြုလူနာ (၆) ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ် ။ ပိုးတွေ့ရှိသူ(၆) ဦးမှာ အနံ့ပျောက်သူ(၃) ဦးပါဝင်ပြီး၊ ညောင်ပင်သာကျေးရွာ အသွားအလာကန့်သတ်စခန်းက ပိုးတွေ့ရှိတဲ့ အသက်(၁)နှစ်အရွယ် မိန်းကလေးမှာသာ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူမှာတော့ ပိုးမတွေ့ရှိဘူး လို့သိရ ပါတယ်။
အတည်ပြုလူနာသစ်တွေကို ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီဆေးရုံကို ဆေးကုသဖို့ ပြောင်းရွှေထားတယ်လို့ ဒေါက်တာ ဝင်းလဲ့လဲ့ထွေး က ပြောပါတယ်။ ရွှေဘိုမြို့နယ်မှာ ဒီဇင်ဘာ (၁၃)ရက် ညနေပိုင်းအထိ အတည်ပြုလူနာ (၁၃၉) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၄၂)ဦး၊ သေဆုံး(၁)ဦး နဲ့ ဆေးကုသမှု ခံယူနေတဲ့ အတည်ပြုလူနာကတော့ (၉၆)ဦး ရှိတယ်လို့ သိရပါတယ်။
ထွန်းမြင့်အောင်(ရွှေဘို)