ပခုက္ကူ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဆယ်ပင်ကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီကာလ ရေရှားမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်ရေးအတွက် မြေသားမိုးလှောင်ရေကန် တူးဖော် ပေးလျက်ရှိ ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၌ တိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ် ၁၄သန်းဖြင့် ပခုက္ကူမြို့နယ်၊ ဆယ်ပင်ကျေးရွာအုပ်စု၊ ဆယ်ပင်ကျေးရွာတွင် အလျား ၂၀၀ပေ၊ အနံ ၁၅၀ပေ၊ အနက် ၄ပေရှိသည့် မြေသားမိုးလှောင်ရေကန်အား တူးဖော်ခြင်း လုပ်ငန်းအား တင်ဒါအောင်မြင်သည့် ပြည့်စိုးစံ ကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော်လျက်ရှိရာ လုပ်ငန်းစံချိန် စံညွှန်းအရည်အသွေးများနှင့်ကိုက်ညီစွာ ဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ ပေါက်မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်နှင့် ဝန်ထမ်းများက ဒီဇင်ဘာလ ၁၃ရက် နေ့လယ် ၁နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်ရေး မှာကြားခဲ့ကြကြောင်းသိရသည်။
အဆိုစက်ရေတွင်းတူးဖော်မှုရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၁၇၄)အိမ်၊ လူဦးရေ(၉၆၀)ဦးတို့အတွက် နွေရာသီ ကာလ ရေရှားပါးမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေကို ဖူလုံစွာရရှိသုံးစွဲနိုင်ကြတော့မည်ဖြစ်ကြောင်း၊ ဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရေပေးရေးလုပ်ငန်းအဖြစ် စက်ရေတွင်း တူးဖော်ခြင်း၊ မြေသားရေကန်တူးဖော်ခြင်းနှင့် တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင် ဦးစီးမှူး ဦးတင့်ဝေက ပြောကြားခဲ့သည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)