ရှမ်းရွာသစ် ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက် များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်ရှိ၊ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလ ဒုတိယပတ်မှစ၍ ဆောင်ရွက်ခဲ့ပြီး ယခုအခါရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ အရှည် (၆၄၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည် အမြင့်(၂)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၄၀)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)