လိပ်သို ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကရင်အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ Quarantine Centre အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ၊ Mask ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အခြားအသုံး အဆောင် ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို လှူဒါန်းခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဧရိယာ မန်နေဂျာ ဆရာနော်အယ်ဖော က ပေးအပ်ရာ လိပ်သိုမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောမြတ်ကျော်နှင့် အဖွဲ့၀င် ဒေါ်နော်ခတ္တာဆွေတို့မှ လက်ခံရယူခဲ့ပြီး ထောက်ပံ့ပစ္စည်းများကို ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရပါ သည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)