မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မြေအောက်ရေဖြင့် ပန်းမုံလာ သီးနှံ စမ်းသပ်စိုက်ပျိုးလုပ်ကိုင်

ပွင့်ဖြူ   ဒီဇင်ဘာ  ၁၄

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူ များသည် မြေအောက်ရေကို စနစ်တကျ သုံးစွဲ၍ ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းအား စမ်းသပ် စိုက်ပျိုး လုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေ မှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိရန်  မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံ တောင်သူ များ ထံက သိရသည်။

ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး (၂)လခွဲခန့် ကြာပါက ရောင်းတန်းဝင် ပန်းမုံလာထုပ်များကို စတင်ဆွတ်ခူးရောင်းချရကြောင်း ၊ လက်ရှိတွင် ဈေးကွက်၌ ပန်းမုံလာ (အဖြူ)တစ်ပွင့်လျှင် ငွေကျပ် ၆၅၀ ၊ ပန်းမုံလာ(အစိမ်း) တစ်ပွင့်လျှင် ငွေကျပ် ၆၀၀ နှုန်းဖြင့် ရောင်းချ နေရကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုး လုပ်ကိုင်သူ ကိုသန်းဌေးအောင် က ပြောသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မြေအောက်ရေနဲ့ မုန်းချောင်းရေကို အကျိုးရှိစွာအသုံးချပြီး ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးတဲ့စားပင်သီးနှံတွေကတော့ ဘူး ၊ ဖရုံ ၊ သခွား ၊ ခရမ်း ၊ ခရမ်းချဉ် ၊ ငရုတ် ၊ ကြက်သွန် ၊ ဖူးစားပြောင်း ၊ ကြက်ဟင်းခါး ၊ မုံလာဉဖြူ ၊ ပန်းမုံလာ(အဖြူ/အစိမ်း) ၊ နံနံပင် ၊ တိုင်ထောင်ပဲ ၊ ချဉ်ပေါင် ၊ ကန်စွန်း စတဲ့ သီးနှံတွေနဲ့ ဘုရားပန်းမျိုးစုံကို အဓိကစိုက်ပျိုးကြပါတယ်။ ယခုလို ကိုဗစ် - ၁၉ ကာလမှာ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိလို့  ဒေသခံတောင်သူတွေက  အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ယခုနှစ်တွင် ဒေသခံတောင်သူတွေဟာ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းမုံလာ သီးနှံ(အဖြူ)မျိုးနဲ့ ပန်းမုံလာ(အစိမ်း)မျိုးကို စမ်းသပ်စိုက်ပျိုးလုပ်ကိုင် လာကြပါတယ်။ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် တောင်သူတွေစမ်းသပ်စိုက်ပျိုးတဲ့ ပန်းမုံလာစိုက်ခင်းတွေ အောင်မြင် ဖြစ်ထွန်း မှုရှိပြီး ဆွတ်ခူးရောင်းချရချိန်တွင် ဈေးကောင်းရရှိဖို့ တောင်သူတွေ မျှော်လင့်နေကြပါတယ် ” ဟု ၎င်းက ဆက်လက်ပြောပြသည်။

ပန်းမုံလာသီးနှံသည် ဟင်းလျာများတွင် တို့စရာအဖြစ် စားသုံး၍ရသလို ၊ ကြော်ချက်၍လည်း စားသုံးနိုင်သဖြင့် ပြည်သူများက အကြိုက်တွေ့ဝယ်ယူစားသုံးကြသဖြင့် ဈေးကွက်ရှိသည့်သီးနှံ တစ်မျိုးဖြစ်ကြောင်း ၊ ပန်းမုံလာသီးနှံတွင် အဖြူမျိုးနှင့် အစိမ်းမျိုး ဟူ၍ ရှိပြီး ပန်းမုံလာအဖြူမျိုးမှာ တစ်ပွင့်တည်းသာပွင့်ပြီး အစိမ်းမျိုးမှာ အနည်းဆုံး (၂ ၊ ၃)ပွင့်အထိ ဆွတ်ခူးရောင်းချရသဖြင့် စီးပွားရေးပိုမိုတွက်ချေကိုက်သည့်သီးနှံဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံ တောင်သူများထံက သိရသည်။ 

 ရဲဝင်းနိုင် ( ညောင်ဦး )