မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ပြင်ပထွက်ခွာရာတွင် Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ပြည်သူအားလုံး ပြင်ပထွက်ခွာရာ၌ Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်အဆင့်သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်၏လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၏ လူစည်ကားရာနေရာများဖြစ်သည့် သိမ်ဖြူဈေး နှင့် မြန်မာ့ဂုဏ်ရည်လမ်းတို့တွင် သွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ် နိုင်ရေးအတွက် Mask တပ်ဆင်လာမှုမရှိသူ (၅၂) ဦးအား ဒဏ်ငွေ (၂၀၀) ကျပ်စီ ပေးဆောင် စေကာ Mask တစ်ခု ပြန်ပေးသည့်စနစ်ဖြင့် ပြင်ပထွက်ခွာတိုင်းတွင် Mask တပ်ဆင်လာစေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို အသိပညာပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အလုပ်သမားဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ  တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြပြီး Mask Campaign ကို နေ့စဉ်မြို့နယ်အတွင်းရှိ သတ်မှတ်နေရာများအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)