ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား ကျန်းမာရေးအသိပညာပေးမြှင့်တင်ရန်အတွက် အပြင်ထွက် လာသူတိုင်းအား မျက်နှာနှင့် နှာခေါင်းစည်း(mask) မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးလှုံ့ဆော်မှုနှင့် ဒဏ်ငွေချမှတ် အရေးယူဆောင်ရွက်ခြင်းများကို မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လူအများသွားလာရာ မြို့မဈေးကြီးအတွင်းနှင့် မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ ပူး ပေါင်း၍ ဖွဲ့စည်းထားသော မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ၊ ဈေးဝယ်သူများ၊ အများပြည်သူသွားလာနေသော ဗိုလ်ချုပ်လမ်းမကြီး၊ မြို့လယ်အဝိုင်း နှင့် ဇာတိမာန်ခန်းမရှေ့တို့တွင် စက်ဘီး၊ ဆိုင်ကယ်၊ အနှေးယာဉ်၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်း လိုက်ပါလာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask၊ မျက်နှာအကာ Face Shield များ မဖြစ်မနေ တပ်ဆင် အသုံးပြုရန်နှင့် လက်ကိုမကြာခဏ ဆပ်ပြာ (သို့) လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေ၍ အရောင်းအဝယ်ပြုကြရန်တို့ကို အသိပညာပေးခြင်း၊ လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး လှုံ့ဆော်ခြင်း၊ ကျန်းမာရေး လက်ကမ်းစာစောင်များပေးဝေ ခြင်း၊ စည်းကမ်းမလိုက်နာသူများအား ဒဏ်ငွေ (၂၀၀) ကျပ် ပေးဆောင်စေပြီး၊ နှာခေါင်းစည်း Mask ချက်ခြင်းတပ်ဆင်စေခြင်းများ ဆောင်ရွက် ခဲ့ကြသည်။ အလားတူ ညနေ ၅ နာရီအချိန်တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် We Love Kungyangon ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ အများပြည်သူများ သွားလာနေသော ဗိုလ်ချုပ်လမ်းမကြီးပေါ်နှင့် ဇာတိမာန်ခန်းမရှေ့၊ မြို့လယ်အဝိုင်း၊ နှာခေါင်းစည်း (Mask) များ အခမဲ့ဝေငှ ပေးခြင်းနှင့် အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး အသိပညာပေး Mask campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)