မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့ မြို့မဈေးကြီး၌ မီးဘေးကြိုတင် ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်

ရေနံချောင်း ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်းကာ ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်နိုင်ဝင်းနှင့် မီးသတ်တပ်ဝင်များက ဆီမီးလောင်မှုဖြစ်ပွားပါက မီးကာအပူခံဝတ်စုံ(Fire Suft)ဖြင့် မီးတောက်အတွင်း ဝင်ရောက် မီးငြိမ်းသတ်ခြင်း၊ 3D နော်ဇယ်အသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ DCP မီးသတ်ဆေးဘူးဖြင့် ဈေးကော်မတီဝင်တစ်ဦးမှ လက်တွေ့မီးငြိမ်း သတ်ခြင်း၊ ဈေးရှိမီးသတ်ရေငုတ်များ အသုံးပြု၍ မီးငြိမ်းသတ်ယာဉ်စက်စွမ်းရည်ပြသခြင်းနှင့် မီးငြိမ်းသတ်ယာဉ် နှစ်စီးဖြင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို တွဲဖက်၍ သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခဲ့ကြသည်။

အဆိုပါမီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသာချို၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချူပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးမျိူးနိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များ၊ မြို့မစျေး ကော်မတီဥက္ကဌ ဒေါ်ဌေးဌေးနှင့် ဈေးသူဈေးသားများက တက်ရောက် ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး