သန်လျင်မြို့နယ်တွင် ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ကံသာဓမ္မရိပ်သာကျောင်းဝန်းအတွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားရာ နေအိမ်သုံးလုံးမီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တောင်ပိုင်းခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးမှ အနီးကပ်ကြီးကြပ်၍ သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်ကာ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂စီး၊ တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄စီး၊ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သာကေတမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၁ဝ စီး၊ ကွပ်ကဲမှုယာဉ် ၁စီး၊ အထောက်အကူပြုယာဉ် ၂စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၅၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘုန်းကျော်သူနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၁ နာရီမိနစ် ၃၀ အချိန်တွင် မီးထိန်းနိုင်ပြီး ၁ နာရီမိနစ် ၃၃ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုမှာ ဦးဇင်းဦးဝိမလ ဝါတော် ၅ ဝါ၊ လူအမည် ဦးမြဆင်အား လာရောက်ပြုစုသော သမီးဖြစ်သူဒေါ်ဌေးဌေးအောင်မှ လူစောင့်မရှိဘဲ ထမင်းပေါင်းအိုးတယ်ထားခဲ့ရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ပေ၂၀× ပေ ၃၀ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးတစ်ထပ် ၂လုံးနှင့် ၁၅ ပေ× ၄၀ ပေ အုတ်ညှပ်၊ သွပ်မိုး၊ ကွန်ကရစ်ခင်း တစ်ထပ် ၁လုံး၊ စုစုပေါင်း အဆောက်အဦ ၃ လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူအား သန်လျင်မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)