ကောလင်း ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်း မိုးစပါးများ ရိတ်သိမ်း ကြပြီဖြစ်၍နေ့စားအလုပ်သမားများ၊စပါးရိတ်စက်များ၊စပါးခြွေလှေ့စက်များအလုပ်အကိုင်အခွင့်အလမ်းရရှိသော်လည်း စပါးစိုက်တောင်သူများမှာ စပါးစျေးကောင်းသော်လည်း စပါး အထွက်နှုန်းနည်း၍ ဝင် ငွေလျော့နည်ကာ အမြတ်နည်းကြကြောင်းသိရသည်။
"ဒီနှစ် ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ်မှာ ဇူလိုင်လနှင့်သြဂုတ်လမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မိုးစပါးစိုက်ခင်းတွေ ပျက်စီးမှုအနည်းငယ်ရှိသော်လည်းပြန်လည် စိုက်ပျိုးနိုင် ခဲ့ကြပါတယ်။အောက်တိုဘာလမှာ မိုးအဆက် မပြတ်ရွာသွန်းပြီး လေရော၊မိုးရောတွဲလာသဖြင့် ကျွန်တော်တို့ဆီမှာဆို ဇီးဖြူပင်ကွင်း၊လက်ပံကြီးတောကွင်း၊အုပ်ဖိုကွင်း၊စိန်လည်ကွင်းစတဲ့ ထွက်လုဆဲ စပါးခင်းများ ယိုင်လဲကုန်သဖြင့် ဖုံးကွဲရေဝင်ဖြစ်ခြင်း၊နို့ရည်ခဲခါစ ရေဝင်ခဲ့ခြင်း ဖြစ်ပါတယ်"ဟုအုပ်ဖိုကျေးရွာမှ တောင်သူဦးတင်အောင်က ပြောပြသည်။
"ကျွန်တော် လယ် ၁၀ဧကရှိပါတယ်။ယခင်နှစ်ကစပါးရိတ်ခြွေခ တစ်ဧက ၄၀၀၀၀ကျပ်ဖြင့် ငှာရမ်းရပြီး တစ်ဧက ၈၀တင် နှုန်းခန့် ထွက်ရှိပြီး၊၊ယခုနှစ်မှာတော့ စပါးစိုက်ခင်းများ အကုန် လုံးလဲကုန်သဖြင့် တစ်ဧက ၆၅၀၀၀ကျပ်နှင့်တစ်ဝက်ရိတ်သိမ်းပြီးပါပြီ တစ်ဧက ၄၅တင်း၊၅၀ နှုန်းတာ ထွက်ရှိပါတယ်။ စပါးစိုက်ခင်း တစ်ဧကမှာ မျိုးဖိုး၊ထွန်ယက်ခ၊ ပျိုးနှုတ်ခ၊ ကောက်စိုက်ခ၊ဓာတ်မြေသြဇာဖိုး၊စပါးရိတ်ခြွေလှေ့ခ အစရှိတဲ့ ကုန်ကျစရိတ်များမှာ ပျမ်းမျှ ငွေကျပ် နှစ်ခွဲသိန်းကျော်ရှိသည့်အတွက် အမြတ်နည်းပါတယ်"ဟု ၎င်းကပြောသည်။
မြင့်ထွန်းမင်း(ကောလင်း)