ဒလ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အကြို ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာ၀င်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတများတိုးပွားလာစေရန်၊ လူမှုအဖွဲ့အစည်းများတွင် ပူးပေါင်းပါ၀င် ဆောင်ရွက်တတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူများကို ရွေးချယ်၍ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။
ဒလမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတ တိုးပွားလာစေရန်အတွက် အသိပညာပေး လုပ်ငန်းများ၊ လူငယ်ရေးရာအသိပညာပေး လုပ်ငန်းများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများနှင့်နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်လျက်ရှိသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)