တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာ ပေး  လုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန်     ဒီဇင်ဘာ     ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်အတွင်းရှိ လမ်းများအလိုက်ရောင်းချလျက်ရှိသည့် စျေးဆိုင်များ၊ လမ်းသွားလမ်းလာများနှင့် ရပ်ကွက်နေပြည်သူများအား နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ (Face shield)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် အသိပညာ ပေး လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိ ပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် " မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်အေးက မြို့နယ်အတွင်းရှိ ပြည်သူများ ၊ စျေးရောင်း စျေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းဖြင့် မလုံလောက်သည့်အတွက် မျက်နှာကာ (Face shield)များ တပ်ဆင်ဖို့ လိုအပ်ကြောင်း၊ စျေးရောင်းချသူများအနေဖြင့် စျေးဝယ်သူများနှင့် မပြတ် ထိတွေ့ဆက်ဆံနေရသည့်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်" အသိပညာပေးပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီက အသိပေး နှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)