မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ထန်းကိုင်းကျေးရွာတွင်EM ဘိုကာရှီသဘာ၀ မြေဩဇာပြု လုပ်နည်း သရုပ်ပြသ

ငဖဲ ဒီဇင်ဘာ ၁၄

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာဖြစ်သည့် ချောင်းဖြူ ကျေးရွာ အုပ်စု ထန်းကိုင်းကျေးရွာတွင်ဒေသခံတောင်သူများအနေဖြင့် သဘာ၀မြေဩဇာများကို ပြုလုပ်သုံးစွဲ တတ်စေရန် ရည်ရွယ်ပြီးEMဘိုကာရှီ ပြုလုပ်နည်းသရုပ်ပြသခြင်းကို အဆိုပါ ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာ ရုံဝန်းအတွင်းတွင် ပြသဆောင်ရွက်ခဲ့ရာ ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း နှင့်တာဝန်ရှိသူများ၊ မင်းဘူးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူးဒေါ်နီလာမော် ၊မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများ ၊ဒေသခံတောင်သူများတက်ရောက်ခဲ့သည်။

သရုပ်ပြပွဲတွင် ငဖဲမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်း နှင့် ဝန်ထမ်းများက EMဘိုကာရှီသဘာ၀မြေဩဇာပြုလုပ်ရာတွင်ပါဝင်သည့်ပစ္စည်းများဖြစ်သော တင်လဲရေ ၁လီတာ၊ EM အသင့်သုံးရေ ၁လီတာ ၊ဖွဲနု ၁အိတ်၊ ဖွဲကြမ်း ၂အိတ်၊ နွားချေး ၂အိတ် နှင့်ရေ ၄၀ လီတာ တို့ဖြင့် ပေါင်းစပ်ပြုလုပ်ရကြောင်း တက်ရောက်လာသောတောင်သူများအား ရှင်းလင်း ပြောကြား ပြီး လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့သည်။

အဆိုပါသဘာ၀မြေဩဇာကို လယ်မြေ၊ကိုင်းမြေများနှင့် ဥယျာဉ်ခြံမြေဟင်းသီးဟင်းရွက်စိုက်ခင်း များတွင်သတ်မှတ်နှုန်းထားအတိုင်းထည့်သွင်းပေးပါက မြေကိုအာဟာရဖြစ်စေပြီး မြေဆီမြေနှစ် မြေဩဇာတိုးတက်ကောင်းမွန်၍ အပင်၊ အသီးများအောင်မြင်ဖြစ်ထွန်းပြီး ဓာတုကင်းလွတ်သော အာဟာရပြည့်၀သည့်သီးနှံများရရှိမှာဖြစ်ကြောင်းသိရသည်။

မယု(ငဖဲ)