ပခုက္ကူမြို့နယ်၌ လျှပ်စစ်မီးအောင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပခုက္ကူ  ဇန်နဝါရီ  ၁၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေနှင့် ကျေးရွာပြည်သူ လူထု စုပေါင်းပါဝင်မှုဖြင့် လျှပ်စစ်မီးအောင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်၉ နာရီက ပခုက္ကူမြို့နယ်၊ ချိုင်အုပ်စု၊ ချောင်းခွကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ လျှပ်စစ်မီးအောင်ပွဲနှင့် ဖွင့်ပွဲအထိမ်းအမှတ်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းနှင့် ကမ္မမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောထူးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ပည်းကျောက်စာတိုင်ကို အမွှေးနံ့သာရည်များ ပက်ဖြန်းကြသည်။ ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းနှင့် ဦးဌေးဝင်းတို့က ကျေးဇူးတင်ဂုဏ်ပြုစကားနှင့် ဒေသလိုအပ်ချက်များ တင်ပြဆွေးနွေးကြသည်။

ထို့နောက် ပခုက္ကူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးအေးဝင်းက လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးဟောပြော ဆွေးနွေးပြီး ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌက တိုင်းဒေသကြီးဝန်ကြီးထံ အထိမ်းအမှတ်အလံ ပေးအပ်သည်။ ချောင်းခွကျေးရွာတွင် အိမ်ခြေ (၁၀၀)၊ အိမ်ထောင်စု (၁၂၀)၊ လူဦးရေ (၈၀၀) ကျော်ရှိပြီး ၂၄နာရီ လျှပ်စစ်မီးရရှိသည့်အတွက် အိပ်မက်များ အကောင်အထည်ပေါ်လာသည့်နေ့ဖြစ်ကြောင်း ရွာခွဲတာဝန်ခံ ဦးမြင့်ရွှေက ပြောသည်။

ကိုဇော်(ဓာတု)