ရန်ကုန် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုအရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှကြီးကြပ်၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ ပြည်သူများကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၊ လူစုလူဝေးများသောစျေးများသို့ သွားရောက်မှု နည်းစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှုအား အထိုက်အလျောက်ကာကွယ်နိုင်ရန်မြို့နယ်များအတွင်းသို့သား၊ ငါး စားသောက်ကုန်များကို စျေးကားများဖြင့်လိုက်လံရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးရာတွင်၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သည့် အခြေခံစားသောက်ကုန်များနှင့် သန့်ရှင်း လတ်ဆတ်သောအသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအားဈေးကားများဖြင့် လှည့်လည်ရောင်းချ ပေးခြင်းကို ယနေ့နံနက် ၉ နာရီကဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာ၊ ဆရာစံရပ်ကွက်နှင့်မင်းလမ်း ဓမ္မာရုံ(၂)၊ ဦးချစ်မောင်လမ်းတို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးရာသို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ နှင့် တာဝန်ရှိ သူများက အနီးကပ်ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးဝယ်လာ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားရေးအတွက် Social distancing ဖြင့်ဝယ်ယူဆောင်ရွက် ပေးကြရန်နှင့်၊ စျေးကားရောင်းချသူများကလည်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ သတ်မှတ်အကွာအဝေးအတိုင်း ပါးစပ်၊ နှာခေါင်းစည်း Mask များတပ်ဆင်ပြီးမှ ရောင်းချပေးကြရန်လိုက်လံနှိုးဆော်လျက်ရှိသည့်အပြင် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်လုပ်ငန်းရှင်အသင်းများက သန့်ရှင်းလတ်ဆတ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါးများ၊ ကုန်ခြောက်မျိုးစုံနှင့် အသီးအနှံများအား ကုန်စည်ဒိုင်စျေးနှုန်းများ အတိုင်း ရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်းသို့အလှည့်ကျစနစ်ဖြင့် ဆက်လက်၍ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)