စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ဩဂကျေးရွာ၌ တောင်သူစွမ်းဆောင်ရည်မြှင့် သင်တန်း ဖွင့်လှစ်

ဝန်းသို ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြ ကျေးရွာ ဖြစ်သော ဩဂကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခုနှစ်စိုက်ပျိုးရာသီ တောင်သူ စွမ်း ဆောင်ရည် မြှင့်သင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို တောင်သူများအနေဖြင့် ရာသီအလိုက်စိုက်ပျိုးသီးနှံများ အထွက်နှုန်းပိုမိုတိုး တက်ရရှိစေရန်၊ ထွက်ရှိသောသီးနှံအရည်အသွေးပြည့်မီရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့ နည်းစေရန်နှင့် လုပ်သားများဘေးအန္တရာယ်ကင်းရှင်းပြီး လူမှုဘဝသာယာဝ ပြောမှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပြီး ဘက်စုံအဆင့်မြင့်နည်းပညာ သုံးစံပြ ကျေးရွာ အကြောင်းသိကောင်းစရာများ၊ စပါယ်ရှယ်ဘိုကာရှီပြုလုပ်နည်းများ၊ သဘာဝနည်းဖြင့် ကာကွယ်နှိမ်နင်းနည်းများ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးအတွက် အကြံပြုသုံးသပ်ချက်များ၊ မျိုးစေ့ဆိုင်ရာသိကောင်း စရာများ စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ တစ်ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးတင့်ဆွေထံမှ သိရသည်။

အဆိုပါသင်တန်းသို့ ကောလင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသိန်း၊ ခရိုင်မျိုးစေ့ တာဝန်ခံ ဒေါ်ကြင်စန်းနှင့် ပိုးတာဝန်ခံ ဒေါ်သူဇာဌေး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်း များ အာမခံ ကျေးရွာအုပ်စု ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများမှ တောင်သူ ၃၀ဦးတက်ရောက် ခဲကြကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)