ဒလမြို့နယ်၌ လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်း ဖွင့်လှစ်သွားမည်

ရန်ကုန် ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအား ထိရောက်စွာဖြင့် ကာကွယ်ထိန်းချုပ် ကုသပေးနိုင် ရေးနှင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်း ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စုစုလှိုင်က “ နှာစီး၊ ချောင်းဆိုးတဲ့ ပြည်သူတွေကို ထိရောက်တဲ့ ကုသမှုနဲ့ စစ်ဆေးမှုတွေပေးချင်ပါတယ်၊ ဖျားနာကုသဆေးခန်းတွေ ပေါ်လာတဲ့အခါ ကျတော့ ကျွန်မတို့ ဒီလူတွေကို ရှာဖွေပြီးတော့ ဖော်ထုတ်ပေးနိုင်မှာပါ၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ စနစ်တကျဖြစ်စေဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊  ခုဖွင့်လှစ် မယ့်နေရာကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပြင်ဆင်ဆောင်ရွက်သွားမှာပါ၊ ကိုဗစ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း ရေရှည်ဆောင်ရွက်ပေးနိုင်ဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးစေချင် ပါတယ်၊ ဒီလိုဆောင်ရွက်ပေးနိုင်ဖို့ အတွက် ဌာနဆိုင်ရာများ၊ ပြင်ပကစေတနာ့ဝန်ထမ်း ဆရာဝန်များနဲ့ ပရဟိတအဖွဲ့များ၊ အလှူရှင်များက ဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်းဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းတို့က  ဆေးခန်းဖွင့်လှစ် နိုင်ရေးအတွက် အကြံပြုဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊   စေတနာ့ ဝန်ထမ်းဆရာဝန်များနှင့် ပရဟိတအဖွဲ့တို့က ဆေးခန်းဖွင့်လှစ်မည့် နေရာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန် အနည်းငယ်လျော့ပါးလာသော်လည်း ကူးစက်မှုများ ဆက်လက် ဖြစ်ပေါ် နေခြင်းကြောင့်  ရှာဖွေဖော်ထုတ်ကုသပေးနိုင်ရေးအတွက် မြို့နယ်အတွင်း လူထုအခြေပြု ဖျားနာကု အခမဲ့ဆေးခန်းကို ကမာကသွယ်ရပ်ကွက် ဒလ-တွံတေးကားလမ်းမကြီးဘေးရှိ အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ဆေးခန်းနေရာအတွက် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြီးစီးသွားပါက အပတ်စဉ် ကြာသပတေးနေ့နှင့် တနင်္ဂနွေ နေ့တို့တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ဒေသခံမိဘပြည်သူများအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်းတို့ ခံစားနေ ရပါက ကျန်းမာရေးစောင့်ရှောက်မှု စောလျင်စွာ ခံယူနိုင်ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)