ပုဇွန်တောင် ဒီဇင်ဘာ ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက Mask Campaign များကို ရပ်ကွက်များ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပုဇွန်တောင်စျေးနှင့် လူစည်ကားရာ နေရာများနှင့် ကားဂိတ် တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါလမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင်လာခြင်းမရှိသူများ၊ Mask များအား ရောဂါပိုးအဓိကကာကွယ်ရမည့်နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင်ချိတ်သူများ အား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ Mask ကိုစနစ်တကျတပ်ဆင်ရေးအတွက် အသိပညာပေးပြောကြားပြီး ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်း (၁၀၀)စောင် ၊ mask (၂၀၀) ခု၊ Face shield (၁၀၀)ခုတို့ကိုပေးဝေခဲ့ကြသည်။ အဆိုပါ Mask Campaign ကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာဆောင်ရွက် သွားမှာဖြစ်ကြောင်း ကော်မတီ၏တာဝန်ရှိသူများထံမှ သိရသည်။
နေခြည် (ပြန် / ဆက်)