မွန်ပြည်နယ် သထုံမြို့ရှိ ယာယီပိတ်ထားသည့် မြို့မစျေးနှင့်သုဝဏ္ဏစျေးတို့အား ပြန်လည် ဖွင့်လှစ်

သထုံ    ဒီဇင်ဘာ      ၁၅

မွန်ပြည်နယ်၊ သထုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ယာယီပိတ်ထားသည့် မြို့မဈေးနှင့် သုဝဏ္ဏဈေးတို့ကို ဒီဇင်ဘာလ ၁၅ ရက်၊ နံနက်မှစတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာစေကာ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဈေးသာယာရေးကော်မတီထံမှ သိရသည်။

"ဈေးပြန်ဖွင့်‌ဖို့ ဈေးသူဈေးသားတွေက တောင်းဆိုကြတယ်။ ကျွန်တော်တို့က လွှတ်တော် ကိုယ်စားလှယ်တွေဆီကနေတစ်ဆင့် ပြည်နယ်အစိုးရ အဖွဲ့ဆီတင်ပြပေးတော့ အခုပြန်ဖွင့် ခွင့်ပြုလိုက်တာပေါ့။ လောလောဆယ်တော့ ဈေးထဲက ဆိုင်ခန်းတွေကိုဘဲ ရောင်းခွင့်ပြုမှာပါ။ ယာယီပျံကျဈေးက ဈေးသည်တွေကတော့ လက်ရှိရောင်းနေတဲ့ နေရာမှာဘဲ ပေးရောင်း ဦးမယ်။ ကျွန်တော်တို့ ခုဒီဖက်မှာ စည်းကမ်းထိန်းဦးမယ် အခြေအနေကောင်း လာရင် သူတို့ကိုလည်း ဈေးမှာ ပြန်ပြီးရောင်းချခွင့်ပြုသွားမှာပါ" ဟု ဈေးသာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မြင့်က ပြောသည်။

ဈေးများပြန်လည်ဖွင့်လှစ်ရာတွင် ရောင်းသူဝယ်သူတိုင်း Mask တပ်ဆင်ရမည်ဖြစ်ပြီး ကိုဗစ် -၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာခြင်းရှိမရှိ စဉ်ဆက်မပြတ် စစ်ဆေးကာ ပညာပေး အရေးယူခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

သထုံမြို့မဈေးအတွင်းရှိ ဈေးရောင်းသူအချို့ထံမှ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိခဲ့ရပြီးနောက် ဈေးအတွင်းမှ အသား၊ ငါး၊ ကုန်စိမ်းများ စသည့် အခြေခံစားသောက်ကုန်များကို လေယာဉ်ကွင်းဟောင်းအတွင်း ယာယီပျံကျ ဈေးဖွင့် လှစ်ပေးကာ ရောင်းချစေပြီး မြို့မဈေးနှင့် သုဝဏ္ဏဈေးတို့ကို ယာယီပိတ်ထား ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သက်ဦး(သထုံ)