ပွင့်ဖြူ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံကိန်း လုပ်ငန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဝင်ဖွဲ့စည်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက် ၊ ညနေ ၄ နာရီက ပွင့်ဖြူမြို့နယ် တောင်အင်း ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင် က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများနှင့်ပတ်သက်ပြီး ရည်ရွယ်ချက် ၊ စီမံကိန်းမူဘောင်များနှင့် စီမံကိန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များ ၊ ကော်မတီဝင်များ၏ တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများ ၊ ကျေးရွာတွင်းသန့်ရှင်း သာယာလှပရေး ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ကောင်းမွန်ရေး ဆောင်ရွက်ရန်နည်းလမ်းများကို ကဏ္ဍအလိုက် ချပြရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံရပ်မိရပ်ဖများက မိမိတို့ကျေးရွာတွင် ဦးစားပေး ဆောင်ရွက် လိုသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်းပြီး ဆွေးနွေးတင်ပြကြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆွေးနွေးတင်ပြသည့် စီမံကိန်းလုပ်ငန်းအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ပြောကြားပြီး ကျေးရွာနေပြည်သူများ၏ အများသဘော ဆန္ဒဖြင့် ကော်မတီဝင်(၁၁)ဦးအား အတည်ပြုရွေးချယ် ဖွဲ့စည်းဆောင်ရွက် ပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့သည် ကျေးရွာရပ်မိရပ်ဖများနှင့် အတူ ကျေးရွာနေပြည်သူများမှ ဦးစားပေးဆောင်ရွက်လိုသော ဖွံ့ဖြိုးရေးလုပ်ငန်းအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး စီမံကိန်းလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ရ မည့်လုပ်ငန်းများအား တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းအား ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း(၁၄)ရွာတွင် ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀) ထောက်ပံ့ ပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် ဦးဆောင်ကာ ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )