မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် လိုက်လံ နှိုးဆော်

ဂန့်ဂေါ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင် များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ ည ၇ နာရီအချိန်ခန့်က မြို့ပေါ် (၄)ရပ်ကွက်သို့ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံနှိုးဆော်ခြင်းနှင့်စပ်လျဉ်း၍ “ ပွင့်လင်းရာသီကျရောက်ပြီဖြစ်၍ မိဘပြည်သူများ အနေဖြင့် မီးဘေးကာကွယ်နိုင်ရေးအတွက် အသိပေးလိုက်လံနှိုးဆော်နေရခြင်းဖြစ်ပါတယ်၊ ထင်း၊ မီးသွေး မီးဖိုများပတ်ဝန်းကျင်ကို နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်ကြရန်၊ မိမိနေအိမ်တွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ လှေခါးနဲ့ မီးသတ်ဆေးဘူးများကို ဆောင်ရွက်ထားရှိရန်၊ မီးဖိုအသုံးပြုခြင်း၊ ဘုရားမီး၊ အမွှေးတိုင်မီးပူဇော်တာတို့ကို သတိထားဆောင်ရွက်ကြရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် လိုက်လံနှိုးဆော်ခြင်းဖြစ်ပါတယ်” ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ရဲနိုင်က ပြောသည်။

ထို့ပြင် မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ခြင်းရှိ/မရှိတို့ကို လိုက်လံစစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ လိုက်နာမှု မရှိသူများကို လိုအပ်သလို သတိပေးခြင်း၊ အရေးယူခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်စခန်း ၀၆၂-၅၀၄၆၅၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး ၀၆၂-၅၀၇၂၇ တို့ကို ဆက်သွယ်သတင်းပို့နိုင်ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)