မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွန်ဇော်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

စေတုတ္တရာ      ဒီဇင်ဘာ           ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် မြစိမ်း‌ရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်  မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက  မွန်ဇော်ကျေးရွာတွင် စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့်ကျေးရွာ ကော်မတီဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်နှင့် တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စား လှယ် ဒေါ်ညိုညိုဦးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီးနောက် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ပတ်သက်သော လုပ်ငန်းစဉ်များ၊ စီမံကိန်း ဆောင်ရွက်ရသည့် အကြောင်းအရင်းများ၊ စီမံကိန်းကျေးရွာ ရွေးချယ်ခံရမှု အကြောင်းများနှင့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးရွာကော်မတီဝင် များအား ကျေးရွာပြည်သူလူထုများက အဆိုပြုမဲပေးသည့် စနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် အရင်းမပျောက်ချေးငွေဖြစ်ပြီး ကျေးရွာမတည်ရန်ပုံငွေ အဖြစ် ကျပ်သိန်းသုံးရာ မတည်ထုတ်ချေးပေးမည်ဖြစ်ကာ ရရှိလာသော အတိုးလည်ပတ်ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျှော့ချရန်၊ တိုးပွားလာသော ရန်ပုံငွေများ ဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေပြည်သူလူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် နှင့်မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့ အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)