အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၃၃)ဦး အား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃)သို့ ပို့ဆောင်

ရန်ကုန် ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၃၃)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန် (GTI) Quarantine Center(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center (၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၃)သို့ မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူ များနှင့် ထိတွေ့ဆက်စပ်ခဲ့သူ (၃၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီ အသင်းခွဲ၊ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေး အသင်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ Quarantine Center သို့ အသီးသီးပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတ အသင်းစုံမှ Volunteers (၇၀)ဦး နှင့် Ambulances(၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)