ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နော်ပွယ်စေး လက်ပံတန်း မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

လက်ပံတန်း  ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ကရင်တိုင်းသားရေးရာဝန်ကြီး  ဒေါ်နော်ပွယ်စေးသည် ဒီဇင်ဘာ ၁၅ ရက်  နံနက် (၁၀) နာရီက လက်ပံတန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်း နှင့် သက်ဆိုင်ရာဌာနများ၊ ကရင်တိုင်းရင်းသားတို့နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင်    ကရင်တိုင်းသားရေးရာဝန်ကြီးက   ဒေသဖွံဖြိုးရေး လုပ်ငန်းများ နှင့် ပတ်သက်ပြီး မြို့နယ်အတွင်းရှိ ဖွံဖြိုးရန်လိုအပ်သည့်နေရာများတွင်  လျှပ်စစ်မီးရရှိရေး၊ လမ်း/တံတားများ၊ ကုန်ထုတ်လမ်းများဖောက်လုပ်နိုင်ရန် လိုအပ်ချက်များအား အဆိုပြု တင်ပြပေးရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ကရင်တိုင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဂုံမင်းကွင်းအုပ်စု၊ဂုံမင်းကွင်းရွာထိပ်ရှိ သံကူကွန်ကရစ် တံတား ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

ဝင့်နန္ဒာဌေး