ချောင်းဦး ဇန်နဝါရီလ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ စာကြည့်တိုက်ဝန်ဆောင်မှု မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်းတို့မှ အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ယုယုဝင်းက စာကြည့်တိုက်ဝန်ဆောင်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းက သုတ/ရသ စာအုပ်အဆင့်ခွဲခြားခြင်း အကြောင်းအား လည်းကောင်း၊ စာကြည့် တိုက်လက်ထောက်(၃) ဒေါ်ခင်မီမီကျော်က စာအုပ်များမျိုးတူစုခွဲခြင်းနှင့် စာအုပ်ငှားရမ်းမှုစနစ် အကြောင်း အားလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ မှ ညနေ(၄)ထိ ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ စာကြည့်တိုက်တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)