တွံတေး ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကမ်းနား လမ်းရှိ စျေးဆိုင်များ၊ ငါးဒိုင်များနှင့် စက်လှေဆိပ်များတွင် စျေးရောင်းချသူများနှင့် စျေးဝယ်သူ များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး အသိပညာပေး အရှိန်အဟုန် မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါ စျေးဆိုင်များ၊ ငါးဒိုင်များနှင့်စက်လှေဆိပ်များ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးတင်အောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများက ဗိုလ်မှူး စိန်လွင်လမ်း(ကမ်းနားလမ်း)တစ်လျှောက် စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)နှင့်မျက်နှာအကာအကွယ်(Face Shield)များတပ်ဆင်ရေး၊ စျေးရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ စျေးဝယ်သူများ လိုက်နာရမည့် စည်းကမ်းချက်များအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ ကုသရေးထက် ကြိုတင်ကာကွယ်ရေးက ပိုမိုထိရောက်ကြောင်းကို Hand Speaker ဖြင့် အသိပညာပေးခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ နှာခေါင်းစည်း(Mask)(၁၀၀၀) ဖြန့်ဝေခြင်းနှင့် စျေးဆိုင်များ၊ ငါးဒိုင်များနှင့် စက်လှေဆိပ်များတွင် တာဝန်ရှိသူများက စျေးဆိုင်ခန်းအား လိုက်လံကွင်းဆင်းကာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရေး အသိပညာ ပေးခြင်း၊ စစ်ဆေးပြောကြားခဲ့ကြောင်းသိရှိရသည်။
မျိုးလှိုင်(တွံတေး)