တာမွေ ဇွန် ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး၌ ၂၀၂၅ - ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားဦးရေ တစ်ရာ့ခြောက်ဆယ်ကျော်အထိရှိပြီးဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံးမေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ်သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က အသင်းအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများအား ဆောင်ရွက်ပေးနေသည့် နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသားလူငယ်ထုဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော်ဦးချစ်ချောက မုဒိတာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ခဲ့ကြပြီး မူးယစ်ဆေးဖြတ်သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများကိုယ်စား သင်တန်းသားမိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဖြတ်သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံကာ သင်တန်းဆင်း သင်တန်းသားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာမှုအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် သင်တန်းဆင်း သင်တန်းသားများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသားများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးစွဲလူနာများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှ ဆက်သွယ်လာသည့် မူးယစ်ဆေးစွဲလူနာများအား ဆေးရုံသို့လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှ ပြန်ဆင်းလာသည့်အခါ ပြန်လည်ထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို (၂၄)နာရီ ဝန်ဆောင်မှုပေးလျက်ရှိပြီး ၂၀၂၅-ခုနှစ်အတွင်း စုစုပေါင်းမူးယစ်ဆေးဖြတ် သင်တန်းသား(၁၆၆)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)