ရွှေဘို ၊ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီ ဆေးရုံမှာ ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြု လူနာများမှ (၂၆)ဦး နှင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီး သီးသန့်လူနာကုသဆောင်(ICU-2) မှာ ကုသမှုခံယူ နေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁) ဦး စုစုပေါင်း (၂၇) ဦးမှာ ကိန်းမာရေး ပြန်လည်ကောင်းမွန်ပြီး ရောဂါပိုးကင်စင်ပြီ ဖြစ်သဖြင့် ဒီဇင်ဘာလ(၁၅)ရက် နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီ ဖြစ်ကြောင်း ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် ထံက သိရှိရပါသည်။
"သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီဆေးရုံက ဆေးရုံဆင်းခွင့်ရသူတွေက အမျိုးသား(၅) ဦးနဲ့ အမျိုးသမီး(၂၁) ဦးတို့ဖြစ်ပါတယ်။
သူတို့တွေကတော့ ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးက (၄)ဦး၊ ဘိုးတော်တောကျေးရွာက (၂) ဦး၊ ကော့ရွာက(၂) ဦး၊ မိချောင်းပင်ကျေးရွာက(၁) ဦးနဲ့ ရွှေဘိုမြို့က (၁၇) ဦးတို့ဖြစ်ပါတယ်။ ဆေးရုံကြီး သီးသန့်လူနာကုသဆောင်(ICU -2) က ဆေးရုံဆင်းခွင့်ရသူကတော့ အမျိုးသမီး(၁) ဦးဖြစ်ပြီး ရွှေဘိုမြို့ကဖြစ်ပါတယ်။
ဆေးရုံဆင်းခွင့်ရသူတွေ အနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်တွေနဲ့ အညီ နေအိမ်တွေမှာ (၇)ရက် အသွားအလာကန့်သတ်နေထိုင် ရမှာ ဖြစ်သည့် အတွက် သေသေ ချာချာ လမ်းညွှန်မှာကြားထားပါတယ် "ဟုဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် ကပြောပါတယ်။
ရွှေဘိုမြို့နယ်တွင် ဒီဇင်ဘာလ(၁၅)ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ(၁၄၀)ဦး ရှိခဲ့ပြီး ယနေ့ဆေးရုံဆင်းခွင့်ရရှိသူ ၂၇ ဦးအပါအဝင် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၈၇) ဦးရှိပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ထွန်းမြင့်အောင်(ရွှေဘို)