တိုက်ကြီးမြို့နယ် မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်

တိုက်ကြီး ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် မြို့မဈေးတွင် ယမန်နေ့ နေ့လယ် ၂ နာရီ  အချိန် ခန့်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်းကို ဈေးပိတ်ရက်တွင် ဆောင်ရွက် ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် ဈေးတာဝန်ခံများ၊ မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးအတွင်း  ဈေးဆိုင်ခန်းများ တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှု အခြေ အနေများအား စစ်ဆေးခြင်း၊  မီးငြိမ်းသတ်မှုအား လက်တွေ့ သရုပ်ပြခြင်း၊  မြို့မဈေးကြီးအား ရေဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီး မြို့နယ်မီးသတ်ဦးစီးဌာနသည်  မြို့နယ်အတွင်းရှိ ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ၊  ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို လည်း ရပ်ကွက်နှင့် ကျေးရွာများတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီး ဌာနမှူး  ဦးနိုင်ဦးထံမှ သိရသည်။   

စန်းကလျာခိုင်(ပြန်/ဆက်)