လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက် ပြုလုပ်

လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှာခေါင်းစည်းနှင့် မျက်နှာကာ စနစ်တကျ မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား မှု စီမံချက်အဖြစ် ယမန်နေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာ ညောင်ရွာစျေးတွင်  တာဝန်ရှိသူများ က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ လွှတ်တော်ကိုယ်စား လှယ်ရုံးအဖွဲ့များ၊ မြို့နယ် ကိုဗစ်−၁၉ ကော်မတီဝင်များ၊  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များ က ပူးပေါင်း၍ လူစည်ကားရာ ညောင်ရွာစျေးတွင် စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်းနှင့် မျက်နှာကာအခမဲ့ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်၍ စျေးရောင်း၊ စျေးဝယ်ပြု လုပ်ကြရန်၊ ကိုဗစ်−၁၉ ရောဂါကာလအတွင်း ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန် ချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြသည်။

အလားတူ အပြင်ထွက်တိုင်း နှာခေါင်းစည်းနှင့် မျက်နှာကာများကို မဖြစ်မနေစနစ်တကျ တပ်ဆင်သွား လာကြရန်၊ လက်ကိုမကြာခဏ ဆေးကြောသန့်စင်ကြရန်စသည့် ကာကွယ်ရေး နည်းလမ်းများကို  လူစည်ကားရာနေရာများ၊ စျေးများတွင် နှာခေါင်းစည်းနှင့် မျက်နှာကာ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လူထုလှုပ်ရှားမှု စီမံချက်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)