ရန်ကုန် ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူ များ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များအား သန့်ရှင်းလတ်ဆက်ပြီး စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများက ယမန်နေ့ နံနက်ပိုင်း အချိန်မှစတင်ကာ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်း စျေးကားများဖြင့် လာရောက်ရောင်းချပေးခဲ့ကြသည်။
ထိုသို့ရောင်းချပေးရာတွင် အသားအမျိုးမျိုး၊ အသီးအနှံအမျိုးမျိုး၊ ငါးပိ/ ငါးခြောက်၊ ကြက်ဥ/ ဘဲဥ/ ငုံးဥ၊ ရေထွက်ပစ္စည်းများနှင့် ဆီ အစရှိသည်တို့ ပါဝင်သည့် စျေးကားများဖြင့် လာရောက်ရောင်းချပေးခဲ့ပြီး ပြည်သူများအနေဖြင့် စနစ်တကျ စျေးဝယ်ယူစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းလှိုင်တို့၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများက ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ကြသည်။ စျေးဝယ်သူ ပြည်သူတစ်ဦးဖြစ် သည့် မမေဦးကလည်း “ ဒီကာလမှာ ဝင်ငွေနည်းပါးတော့ ခုလိုသက်တောင့်သက်သာ စျေးနှုန်းတွေနဲ့ စားသောက်ကုန်တွေဝယ်လို့ရတာ အရမ်းကောင်းပါတယ်။ နောက်ထပ်လာရောင်းရင်လဲဝယ်အုံးမှာပါ” လို့ပြောကြားခဲ့သည်။
အဆိုပါ စျေးကားများဖြင့် လှည့်လည်ရောင်းချပေးမှုကို မလွှကုန်းရပ်ကွက်၊ ကူးတို့ဆိပ်ရပ်ကွက်နှင့် လွတ်လပ်ရေး ရပ်ကွက်များတွင် ဆောင်ရွက်ပေးခဲ့ကြပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ရှိသည့် ရပ်ကွက် (၂၀) တွင် ရောင်းချနိုင်ရေးအတွက် အပတ်စဉ်အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်နေကြောင်း လည်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)