ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူများက Mask Campaign များကို နေ့စဉ် ရပ်ကွက်များ၊ စျေးများ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ် ၆ ရပ်ကွက် ကျန်စစ်သားလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ အမှတ် ၂ ရပ်ကွက် စပ်စံထွန်းလမ်းနှင့် ညောင်းဦးဖီးလမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါရပ်ကွက်များအတွင်းရှိ လမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင်လာ ခြင်းမရှိသူများ၊ Mask များအား ရောဂါပိုး အဓိကကာကွယ်ရမည့် နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင် ချိတ်သူများအား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask ကို စနစ်တကျ တပ်ဆင်ရေးအတွက် အသိပညာပေးပြောကြားပြီး ပြည်သူများအား နှာခေါင်းစည်း(Mask)များအား အခမဲ့ဖြန့်ဝေပေးခဲ့ခြင်း များအား အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)