တောင်ငူ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းများ မိတ်ဆက်ရှင်းလင်း

တောင်ငူ ဒီဇင်ဘာ ၁၆

​တောင်ငူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင်​ကျေးရွာဖွံ့ဖြိုး​ရေးလုပ်ငန်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ဆင်ဆိပ်ကျေးရွာအုပ်စု၊ ပန်းဘဲကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ​ကျေးရွာဖွံ့ဖြိုး​ရေးကော်မတီရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ငူမြို့နယ်၊ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်းက ကျေးရွာများ အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရပ်ရွာ ဖွံ့ဖြိုးတိုးတက် စေမည့် အကြောင်းအရာများ၊ မိမိတို့ရပ်ရွာအတွင်း ကုန်ထုတ်လမ်းများ တိုးတက် ကောင်းမွန်စေပြီး သွားလာလွယ်ကူစေမည့် ကိစ္စရပ်များအကြောင်း ရှင်းလင်းပြောကြားပြီး  မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျေးရွာအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအကောင် အထည် ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းလျာထားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီများ ရွေးချယ်ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)