ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ဆိပ်ကြီးသမ္ဗန်ဆိပ်နှင့် ကီလီ(ဝါးတန်း)ဆိပ်ကမ်းသို့ မောင်းနှင်ပြေးဆွဲလျက်ရှိသည့် “ရွှေရန်ကုန်” စက်တပ်ရေယာဉ်လိုင်းမှ စက်တပ်သမ္ဗန်များ လိုင်စင်သက်တမ်းတိုးခြင်း ဆောင်ရွက်ပေးရန်အတွက် သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ မောင်းနှင်ပြေးဆွဲခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်(၈)နာရီမှစ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ အဆိုပါ စက်တပ်သမ္ဗန်ဂိတ်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့် ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးမှ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရွှေရန်ကုန် စက်တပ်ရေယာဉ်လိုင်း တာဝန်ရှိသူများက စပ်တပ်သမ္ဗန်များအား အသက်ကယ်အင်္ကျီ (Life -Jacket)ပါရှိရေးနှင့် အရည်အသွေးကောင်းမွန်ရေး၊ စက်တပ်သမ္ဗန်များတွင် အချက်ပြမီးပါရှိရေး၊ အင်ဂျင်စက်ကောင်းမွန်ရေး၊ လှော်တက်များပါရှိရေး၊ ရေယာဉ်ကိုယ်ထည် ကြံ့ခိုင်ရေး စသည့်သတ်မှတ်စည်းကမ်းချက်များအား ကြပ်မတ်စစ်ဆေးခဲ့သည်။
အဆိုပါ ရွှေရန်ကုန် စက်တပ်ရေယာဉ်လိုင်းတွင် စက်တပ်သမ္ဗန်အကြီး (၁၀၈)စီး၊ အသေး(၆၂)စီး စုစုပေါင်း စက်တပ်သမ္ဗန် (၁၇၀)စီးဖြင့် နေ့စဉ် အလှည့်ကျ မောင်းနှင်ပြေးဆွဲပေးလျက်ရှိပြီး ယနေ့(၃၅) စီးအား စစ်ဆေးပြီးစီး၍ ကျန်ရှိသော စက်တပ်သမ္ဗန်များကိုလည်း ဆက်လက်စစ်ဆေး သွားမည်ဖြစ် ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)