ကော့မှူးမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကော့မှူး ဒီဇင်ဘာ ၁၆

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပျံနှံ့မှုမရှိစေရေးအတွက် အသိပညာပေးခြင်းများကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်နေကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်အထွေထွေ‌ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ ဆိုင်ခန်းများ၊ ဈေးခုံတန်းများတွင် ရောင်းချနေသော ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ကြရန် အသိပညာပေး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ဈေးများအား မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုများနှင့်အညီ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် နေစဉ်အရှိန်အဟုန်မြှင့်စစ်ဆေး ဆောင်ရွက်‌လျက်ရှိကြောင်း သိရသည်။

ကျော်သူရ ကော့မှူး